ပုသိမ်ကြီးမြို့နယ် ပံသုကျီခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ပုသိမ်ကြီး ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ပံသုကျီခန်းမ၌  ၁၆-၈-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စာကြည့်တိုက်မှူး ဒေါ်စန္ဒာဝင်းက အသိပညာပေးဟောပြောရာတွင် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး၊ မိမိတို့ဌာနအနေဖြင့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်ဆိုသည့် လုပ်ငန်းရပ်များကို ထည့်သွင်းရှင်းလင်း ဟောပြောခဲ့ရာ အ.ထ.က ပုသိမ်ကြီးမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြသည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်၊ ကျပန်းစကားပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ကျင်းပပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်မှူးဒေါ်စန္ဒာဝင်းနှင့် ဝန်ထမ်းများ၊ အ.ထ.က ပုသိမ်ကြီးမှ အလယ်တန်းပြ ဆရာမဒေါ်သဲအေးသန့်စင်နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)