မန္တလေး အောက်တိုဘာ ၁၅
Stay at Home ကြောင့် အပြင်ထွက်ဈေးဝယ်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက် မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့ကို မန္တလေးတိုင်းဒေသကြီး ဆန်လုပ်ငန်းရှင် များအသင်းက မန္တလေးခရိုင်အတွင်းမှ ရပ်ကွက်များသို့ မိုဘိုင်းစနစ်နဲ့ လိုက်လံရောင်းချ ပေးနေကြောင်း သိရသည်။
အာလူး၊ ကြက်သွန်နီ/ကြက်သွန်ဖြူ အစရှိတဲ့ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်ပြီး အပြင်ပေါက်ဈေးထက် ဈေးနှုန်းလျှော့ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့က နိုင်ငံတော်ရိက္ခာဆန်လျှော့ဈေးနဲ့ လိုက်ရောင်းပေးနေတော့ ဝယ်ကြတဲ့သူတွေ က အာလူးလေး ရောမပါဘူးလား ကြက်သွန်နီ လေးရောမပါဘူးလားဆိုတာနဲ့ပဲ ဒါတွေပါ ရောင်းချပေးသွားဖို့ စီစဉ်လိုက်တာပါ၊ အပြင်ဈေးထက်လည်းသက်သာရမယ်၊ တစ်ထုပ်ယူတစ် ထောင်နှုန်းပေါ့ အဲဒီလိုစနစ်နဲ့ရောင်းပေးနေတာပါလို့ မန္တလေးတိုင်းဒေသကြီး ဆန်လုပ်ငန်းရှင် များ အသင်းဥက္ကဋ္ဌ ဦးဌေးလွင်က ပြောကြားသည်။
အသင့်ပြင်ဆင်ထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ အာလူး အစရှိတဲ့ မီးဖိုချောင်သုံး စားသောက် ကုန်တွေကို တစ်အိတ်တစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချပေးနေတာလည်းဖြစ်ပြီး ရပ်ကွက် အလိုက် နိုင်ငံတော်အရေးပေါ် ရိက္ခာဆန် လိုက်လံရောင်းချပေးတဲ့ မိုဘိုင်းမော်တော်ယာဉ်နဲ့ အတူ တစ်ပါတည်းယူလာပြီး ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အပြင်မှာ ဒီလို(ကြက်သွန်နီ) အနေအထားတစ်ထုပ်ဆိုရင် တစ်ထောင့်နှစ်ရာကနေ တစ်ထောင့်သုံးလေးငါးရာ လောက်ပေးရပါတယ်၊ ဒီမှာတော့ တန်တယ်လို့ပြောရမှာပါ၊ အခုလို အပြင်ထွက်ရ အခက်အခဲဖြစ်နေချိန် တကယ်တော့ ကျွန်မတို့လည်းမထွက်ချင်ပါဘူး အခုလိုလာရောင်းပေးတာကတော့ ကျေးဇူးမတင်လို့ကိုမရပါဘူးလို့ မန္တလေးမြို့၊ သီရိဟေမာ အနောက်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)