မြောက်ဦး ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မိုခါမုန်တိုင်း တိုက်ခတ် ပြီးနောက်ပိုင်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရေတွင်း၊ ရေကန်များ၌ ပင်လယ်ရေများ ဝင်ရောက်မှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပေါ်စေရန် သောက်သုံးရေကန်များ၌ ရေသန့်ဆေးပြားများခတ်ရန်၊ ရပ်ကွက်ကျေးရွာများ၌ ရေသန့်ဆေးပြားများ ပြည်သူများ လက်ဝယ်အရောက် ပေးဆောင်ကြရန်၊ ယခုအခါ မိုးရာသီကာလဖြစ်၍ မြောက်ဦးမြို့နယ်အတွင်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ရန်နှင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန်တို့ကို သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်ဖြင့် ဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက မြောက်ဦးမြို့ပေါ် ရပ်ကွက်အတွင်းရှိ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)