မာန်အောင်မြို့နယ် တန်လှောင်ကုန်း အ-မ-က၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မာန်အောင် သြဂုတ် ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ဝကျေးရွာအုပ်စု၊ တန်လှောင်ကုန်းကျေးရွာ အ-မ-က၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် တန်လှောင်ကုန်း အ-မ-က ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် သစ်ပုံရဲကင်းစခန်းမှူး ဒုရဲအုပ်သက်ဆွေလင်းက ကျောင်းသား၊ကျောင်းသူ လူငယ်များအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာမည့်  နောက်ဆက်တွဲရလဒ်ဆိုးကျိုးများအကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ သုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာများကို ပြောဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)