ထန်းတပင်(ရန်ကုန်) ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာတွင် ဩဂုတ်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များထံသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်သည်။
သွင်းအားစုပစ္စည်းများပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစောလှဝင်းအောင်တို့က အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်ကြသည့် တောင်သူများစာချုပ်ချုပ်ဆိုခဲ့ကြပြီး မိုးစပါးစိုက်ဧက (၁၅၀၀) ဧကစိုက်ပျိုးသွားကြမည့် ဆတ်ကလေးကျေးအုပ်စုနှင့် ငှက်သိုက်ကျေးရွာအုပ်စုတို့မှ တောင်သူ (၁၂၈) ဦးထံသို့ တစ်ဧက(၂)သိန်းနှုန်းဖြင့် ညီမျှသည့်သွင်းအားစုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကို နှင့်မိဘမေတ္တာဆန်စက်မှ ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)