ထန်းတပင်(ရန်ကုန်) ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း စစ်ကြောင်းကြီးငါးကြောင်းဖြင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆောင် ရွက် လျက်ရှိပြီး ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းကာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက်လည်း မြို့နယ်တာဝန်ရှိသူများနှင့်ကျေးရွာနေပြည်သူများတွေ့ဆုံပွဲကိုကျင်းပပြု လုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက စစ်ကြောင်းကြီးငါးကြောင်းဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှလဝကမှူး ဦးမင်းဆွေက နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေသည့်အခြေအနေများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုက မိမိတို့ဌာနမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆတ်ကလေးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးညွန့်ဝင်း၊ ကျေးရွာခွဲတာဝန်ခံများ နှင့်ကျေးရွာနေပြည်သူများက ကျေးရွာလမ်းရရှိရေး၊ ကျေးရွာမီးရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍မေးမြန်းကြရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး နှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကပြန်လည်၍ရှင်းလင်းပြောကြားသည်။
ဇင်မင်းထိုက် (ထန်းတပင်)