အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်

ရန်ကုန်          အောက်တိုဘာ      ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသိန်းသန်းနှင့် တာ ဝန်ရှိသူများသည် နံ့သာကုန်းရပ်ကွက်၊ အဝေရာလမ်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းဖော်ခြင်း လုပ်ငန်းကို AE ဦး ဟန်ကျင်မှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် ကမ်းနားအလယ် ရပ်ကွက်၊အ.ထ.က(၄)ကျောင်းရှေ့ Box Culvert မြောင်းဖော် အုတ်စီ၊မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ သွားရောက်၍ ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပြီး လိုအပ် သည်များကို မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်သက် ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)