တကောင်း-အညာပုဂံမြို့ဟောင်း တောင်ဘက်ရှိ တူးဖော်မှုကုန်းအမှတ် TG-27 မြို့ဝင်ပေါက် တည်ဆောက်ထားရှိမှု ရှေးဟောင်းလက်ရာများအား လေ့လာကြည့်ရှုနိုင်ကြောင်း သိရ

တကောင်း     ဩဂုတ်         ၁၇

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အဝင် အဘိရာဇာလမ်းမပေါ်ရှိ သဲကျောက်ဆစ်မုခ်ဦးကြီးမှ အရှေ့ဘက်ကိုက် (၂၀၀)ခန့်အကွာတွင်တည်ရှိ သည့်တူးဖော်မှုကုန်းအမှတ် TG-27  မြို့ဝင်ပေါက်တည်ဆောက်ထားရှိမှု ရှေးဟောင်းလက်ရာများအား ခရီးသွားပြည်သူများအနေဖြင့် လေ့လာကြည့်ရှုနိုင်ကြောင်း ရှေး‌ဟောင်းသုတေသနနှင့်် အမျိုးသားပြတိုက်ဦးစီးဌာန၊ တကောင်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တကောင်း-အညာပုဂံမြို့ဟောင်း တောင်ဘက်ရှိ တူးဖော်မှုကုန်းအမှတ်် TG-27  မြို့ဝင်ပေါက် တည်ဆောက်ပုံစနစ်မှာ အခြားသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ မြို့ဟောင်းများရှိ မြို့ဝင် ပေါက်စနစ်များနှင့် ကွဲပြားခြားနားခြင်း၊ ပုံသဏ္ဍာန်ထူးခြားခြင်းများ ထင်ရှားတွေ့မြင်နိုင်သည်။ မြို့ဝင်ပေါက်ပုံသဏ္ဍာန်များသည် အကွေ့၊ အကောက်စနစ်များဖြင့် အမြင်အာရုံအား လှည့်စားထား ခြင်းကို ဦးစားပေတည်ဆောက်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ မြို့ဝင်ပေါက်လက်တံများကို ဖြောင့်တန်းညီညာစွာ ဖောက်လုပ်၍ ထောင့်မှန်ချိုးများဖြင့် တည်ဆောက်ထားသောကြောင့် ဘီးတပ်လှည်းယဉ်များ လွယ်လင့်တကူ ကွေ့ဝိုက်ဝင်ရောက်နိုင်ရန်ခဲယဉ်းသည်။ ထို့ပြင် မြို့တံခါးပင်မလမ်းမကြီး အကျယ်(၁၉)ပေမှ ထောင့်မှန်ချိုးလမ်းမငယ် (၁၀ပေ- ၄လက်မ) ကျဉ်းမြောင်း တည်ဆောက်ထား ချက်အရ မြို့တွင်း ဝင်ရောက်သည့် လူအရေအတွက်၊ လှည်း၊ မြင်းအရေအတွက်ကို ထိန်းချုပ်ကန့်သတ်ထားကြောင်း သိမြင်နိုင်သည်။ မြို့ဝင်ပေါက်လက်တံအကွေးသည် တောင်-မြောက် (၁၁ံ) တိမ်းစောင်းလျက်ရှိသော်လည်း၊ အရှေ့- အနောက်ထောင့်မှန်ချိုးလက်တံမှာ (၉၀ံ)တည်ရှိသည်။ မြို့ဝင်ပေါက်လက်တံများ၏ တောင်-မြောက် တိမ်းစောင်းမှုအရလည်းကောင်း၊ အသုံးပြုတည် ဆောက်ခဲ့သည့် အဓိကအုတ်ချပ်အရွယ်အစားများအရလည်းကောင်း တကောင်း-အညာပုဂံ မြို့ဟောင်း၏ တောင်ဘက် အဓိကမြို့ဝင်ပေါက်သည် ပုဂံခေတ်တွင် စတင်အသုံးပြုခဲ့ပြီး စစ်မက် ဘေးအန္တရာယ်များကြောင့် ပျက်စီးခြင်းမျိုးမဟုတ်ဘဲ နှစ်ကာလကြာမြင့်မှုကြောင့် ပွန်းတီးယိုယွင်း ခဲ့ရခြင်းသာဖြစ်ပြီး ပုဂံခေတ်နှောင်းပိုင်းကာလမှစ၍ သစ်သားတိုင်များ ထပ်မံဖြည့်တင်း၍ မွမ်းမံအသုံးပြုခဲ့ဟန်ရှိသည်။ တကောင်း-အညာပုဂံမြို့ဟောင်းမြို့ဝင်ပေါက်လက်တံ တည်ဆောက်ရာတွင် ထူးခြားချက်နေဖြင့် အရွယ်စားမျိုးစုံ အုတ်ချပ်များကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ပြင် အဆိုပါအုတ်ခဲကျိုးများအတွင်းမှ (၁၈ x  ၉  x ၃)အရွယ် အုတ်ချပ်ကျိုးများတွေ့ရှိရခြင်းမှာ အလွန် ထူးခြားသော အချက်ဖြစ်ကြောင်း တကောင်းဌာနခွဲရှိ မှတ်တမ်းများအရသိရသည်။

မြို့ဝင်ပေါက်ကြီးနှင့် မြို့ရိုးလက်တံများတည်ဆောက်မှုတွင် ခဲကျိုးရောမြေကျစ်ကို မြို့ရိုး အတွင်းထုတွင် ကာရံထည့်သွင်းတည်ဆောက်ထားပြီး မြို့ရိုးလက်တံမှ (၂၂)ပေအကွာတွင် ရေကျုံးကို တည်ဆောက်ထားရှိသည်။ (၁၅)ပေ အကျယ်ရှိသော ရေကျုံးကို မြို့ရိုးနှင့်အပြိုင် အမြင့်တူညီသော ဖို့မြေကုန်းမြင့်ကြားတွင် ထည့်သွင်းတည်ဆောက်ထားခဲ့ကြောင်းတွေ့ရှိရသည်။  ရေကျုံးနှင့်မြို့ရိုး မြို့ဝင်ပေါက်ကြားတွင် ကျုံးရင်ပြင်(သို့) မြို့ရိုးရင်ပြင်မထားရှိဘဲ ကျုံးကမ်းစပ်အထိ ဆင်ခြေလျှောသွားသော မြေအနေအထားကို ဖန်တီးထားခြင်းဖြင့် အဓိကမြို့ဝင်ပေါက်၊ မြို့တံခါးကို လွယ်ကူစွာ တိုက်ခိုက်ဖျက်ဆီးဝင်ရောက်ခြင်းများမှ ဟန့်တားကာကွယ်ထားခြင်းဖြစ်သည်။ မြို့ဝင်ပေါက်တည်ဆောက်ပုံစနစ်ထူးခြားကောင်းမွန်ပြီး လုံခြုံရေးအစီအစဉ်အနေဖြင့် ကြည့်မည် ဆိုပါက အဝင်လမ်းမကျယ်ပြန့်ရာမှ တစ်ဆစ်ချိုးကွေ့တွင် ရုတ်ချည်းကျဉ်းမြောင်းထားခြင်း၊ ရင်းတားသဖွယ်အုတ်ရိုးထုခံ၍ တည်ဆောက်ထားခြင်း၊ တံခါးတိုင်ကျင်းရာများအရ မြို့တံခါးရွက်များ(သို့မဟုတ်) ရင်းတားတန်းကြီးများထည့်သွင်းတည်ဆောက်ခြင်းအားဖြင့် ပုဂံခေတ်ဦးကာလ၏ ကာကွယ်ရေးအစီအမံထားရှိပုံကိုဖော်ပြကြောင်း တကောင်းဌာနခွဲရှိ မှတ်တမ်းများအရ သိရသည်။

သီရိ