လားရှိုးမြို့နယ်တွင် သဘာဝရှုခင်းအလှများ၊ ဆန်းသစ်သော ဒီဇိုင်းများဖြင့် အပြင်အဆင်ပြုလုပ်ကာ ဈေးရောင်းချကြသည့် ဆိုင်များတွင် လူအများစိတ်ဝင်စား လည်ပတ်သူများလာ

လားရှိုး ဩဂုတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် အတွင်းတွင် သဘာဝရှုခင်းအလှများ၊ ဆန်းသစ်သော ဒီဇိုင်းများဖြင့် အပြင်အဆင်ပြုလုပ်ကာ လူအများစိတ်ဝင်စားအောင် တည်ဆောက်ထားသည့် စားသောက်ဆိုင်များတွင် လာရောက်လည်ပတ်အနားယူသူ၊ အစားအသောက်လာရောက် သုံးဆောင် ကြသူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

ယခုနှစ်အတွင်း လားရှိုးမြို့တွင် ဖွင့်လှစ်ကြသည့် ဆိုင်များတွင် သဘာဝအလှတရားများကို နောက်ခံထား၍ စားသောက်ဆိုင်ဖွင့်လှစ်ခြင်း၊ အနားယူအပန်းဖြေစရာ ပစ္စည်းများ တပ်ဆင်အလှဆင်ကာ စားသောက်ဆိုင်ဖွင့်လှစ်ခြင်း၊ လူငယ်ကြိုက် ကိုးရီးယား KPop အဆိုတော်များ၏ ရုပ်ပုံများဖြင့် ဆိုင်အားအလှဆင်ပြီး ကော်ဖီဆိုင်များဖွင့်လှစ်ခြင်းစသည့် ဆန်းသစ်ပြီး ဓါတ်ပုံရိုက်ရန်အတွက် အဆင်ပြေသော ဈေးဆိုင်များ ဖွင့်လှစ်ခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။

“အခုနောက်ပိုင်း စားသောက်ဆိုင်တွေဖွင့်ရင် အပြင်အဆင်ပိုင်းကို ဦးစားပေးလာတာများတယ်။ အခုခေတ် လူငယ်တွေအနေနဲ့လည်း ဒီဇိုင်းဆန်း အပြင်အဆင်လှတဲ့ဆိုင်တွေမှာ ထိုင်တာများလာကြတယ်။ ဓါတ်ပုံရိုက်ရင်း စားသောက်ရင်း ဆိုင်ထိုင်ကြတယ်” ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

လားရှိုးမြို့တွင် ဒီဇိုင်းဆန်း၊ လှပသော ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များနှင့် တောတောင်သဘာဝ အလှရှုခင်းများအနီးတွင် ဖွင့်လှစ်သည့် ဈေးဆိုင်များတွင် လူငယ်လူရွယ်များ အများအပြား သွားရောက်လည်ပတ်ကာ စားသောက်ကြလေ့ရှိပြီးဆိုင်သို့ စားသုံးသူများ ရေရှည်လာရောက်မှုမှာ ဈေးနှုန်းအနေအထားပေါ် မူတည်လျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)