တာမွေမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်

တာမွေ      ဩဂုတ်      ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တာမွေမြို့နယ်ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် တာမွေမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ထုတ်ပြန်ထားသည့်  ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှု ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်း၊ ကာရာအိုကေ လုပ်ငန်းလိုင်စင်ပါ စက်အစုံအရေအတွက်နှင့် မြေပြင်အရေအတွက် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ကိုင်သည့်လုပ်ငန်းအတွက် ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရယူထားခြင်း ရှိ/မရှိ စိစစ်ကြီးကြပ်ခြင်းများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကဖြစ်စေ၊ ရန်ကုန်တိုင်းဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီကဖြစ်စေ၊ ခရိုင်ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီကဖြစ်စေ အခါအားလျော်စွာ အထူးစစ်ဆေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း မြေပြင်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ အခန်း(၆)၊ ဥပဒေပုဒ်မ(၂၁)အရ လည်းကောင်း၊ ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေအခန်း(၆)၊ နည်းဥပဒေ(၂၅)(ခ)နှင့်အညီ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၅/၂၀၂၃)၊ ဆုံးဖြတ်ချက် အပိုဒ်(၉၂)အရ တာမွေမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီကို ၂၀၂၃-ခုနှစ် ဩဂုတ်လ(၉)ရက်နေ့က ကော်မတီဝင်(၇)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)