မဟာအောင်မြေ ဩဂုတ် ၁၇
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အပါအဝင် အခြားရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း အသီးသီးမှ နေ့စဉ်ဆွမ်းခံကြွတော်မူသော ဆရာတော်၊ သံဃာတော်များအား ယနေ့ နံနက်(၅) နာရီအချိန်က မဟာအောင်မြေမြို့နယ် ၆၄-၆၅ ကြား သိပ္ပံလမ်းပေါ်တွင် သံဃာတော်(၂၅၀)ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် ငွေသား ကံစမ်းမဲများလည်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝါတွင်းကာလ သံဃာတော်အရှင်သူမြတ်များ အဆင်ပြေစေရန်အတွက် ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းမှုကို မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ဒေါ်ယုယုဇော်တို့မှ ဦးစီး၍ အလှူရှင်များနှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်း၍ တတိယအကြိမ်အဖြစ် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ရာ လစဉ် လဆန်း(၁) ရက်နေ့ နံနက်ခင်းတိုင်း သံဃာတော်(၂၅၀)ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ၊ ငွေသားကံစမ်းမဲများလည်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုံဆွမ်းလောင်းလှူဒါန်းမှုကို မဟာအောင်မြေမြို့နယ် နာယကဆရာတော် မီးအိမ်ရှင် ဦးဆန္ဒာသီရိ၊ မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဝေယျာဝစ္စကုသိုလ်ရှင်များမှ စုပေါင်းပါဝင် လောင်းလှူခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း