မိတ္ထီလာ သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး မြေသာရေကန်တူးဖော်ခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ၄၉.၆၂၈ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Triple Thar Co;Ltd မှ တာဝန်ယူ၍ လိန်တောကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာတွင် အကျယ် ၄.၅ လက်မ အနက်ပေ ၅၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ (3HP Submersible Pump)တပ်ဆင်ခြင်းလုပ်ငန်း၊ ဆိုလာ(380watt-18pcs) တပ်ဆင်ခြင်းလုပ်ငန်း၊ အကျယ် ၂လက်မ အရှည်ပေ ၄၀၀၀ ရှိ ပိုက်လိုင်းသွယ်တန်းခြင်း၊ အရှည် ပေ ၁၀၀၊ အမြင့် ၅ ပေရှိ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအား ဇွန်လ ၂၆ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါကအိမ်ခြေ ၁၁၀ ၊ လူဦးရေ ၅၁၉ ဦးအား ရာသီမရွေး သောက်သုံးရေအဆင်ပြေတော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)