ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက ကျောက်ဆည်ခရိုင်သည် စက်မှုလုပ်ငန်းဖွံ့ဖြိုးပြီး စက်ရုံအလုပ်ရုံပေါများသော ဒေသဖြစ်ရာ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရသကဲ့သို့ သဘာဝပတ်ဝန်းကျင်အားနည်းချက်များရှိရာ ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်မှုများ ပိုမို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရပ်ကွက်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အကြံပြုဆွေးနွေးမှုများ ပြုလုပ် အားလုံးပူးပေါင်းဆောင်ရွက်ရန် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးမော်မော်ကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ကြီးကြပ်မှုဆပ်ကော်မတီ ပေါ်ပေါက်လာပုံနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power poinet ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အဖွဲ့ဝင်များက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်ရေး၊ လူတိုင်းအသိရှိရှိ စိမ်းလန်းစိုပြေ အမှိုက်ကင်းစင်သော မြို့ပြဖြစ်ရေး၊ ရပ်ကွက်ကျေးရွာများ၊ ဥပတိရုပ်ကောင်းမွန်ရေး၊ အမှိုက်စီမံခန့်ခွဲမှုစနစ်များ၊ ကျေးရွာတိုင်းဆောင်ရွက်နိုင်ရေး အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ရာ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေခံမှစ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားနည်းချက်၊ အားသာချက်များ ပေါင်းစပ်၍ ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ပါက လုပ်ငန်းများ အောင်မြင်နိုင်ကြောင်း နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာနမှ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံသို့ မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာနှင့် ပလတ်စတစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ပိုစတာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)