မွန်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင် သြဂုတ် ၁၇

မွန်ပြည်နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြေယာအသုံးချမှု ကိစ္စရပ်များနှင့်ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက် လျော့နည်းမှုမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်ပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်စည်းကမ်းချက်များကို တိကျစွာ လိုက်နာနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ လိုက်နာမှုမရှိပါက ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက်ရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေများအား အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းအားတိုးမြှင့်ရေးတို့ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ အားကျိုးမာန်တက် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးမှ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြပြီး၊ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများက တစ်ဦးချင်း ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လယ်ယာမြေစီမံခန့်ခွဲမှုအခြေအနေများနှင့်ပက်သက်၍ ဝိုင်းဝန်းဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်သူများ၏ ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)