ရေကြီး‌ရေလျှံမှုဖြစ်ပွားသည့် ဒုံသမိချောင်းကမ်းနံဘေးရှိ ကျေးရွာများအား ထောက်ပံ့ကူညီမှုများ လိုက်လံဆောင်ရွက်

သထုံ ဩဂုတ် ၁၇

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံသမိချောင်းကမ်းနံဘေးမှ တိုင်းရင်းသားကျေးရွာများကို သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်နှင့် ဆေးဝါးများ လိုက်လံလှူဒါန်းကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

"ဒုံသမိ‌ချောင်းကမ်းနဘေးက ကျေးရွာ ၈ ရွာလောက်မှာ အနိမ့်ပိုင်း အိမ်ခြေတွေ ရေကြီးရေလျှံမှုတွေဖြစ်ပြီးတော့ စားရေးသောက်ရေးအတွက် ချက်ပြုတ်ဖို့ ခက်ခဲတာတွေ၊ ‌သောက်ရေသန့်ရဖို့အတွက် ခက်ခဲတယ် နောက်ပြီး အသွားအလာခက်ခဲတော့ ဆေးဝါးကအစ လိုအပ်မှုတွေ ဖြစ်နေတာပေါ့။ အဲဒါကြောင့် အလှူရှင်တွေကို နှိုးဆော်ပြီး လိုက်လံလှူဒါန်း‌တာ သုံးကြိမ်ရှိပါပြီ" ဟု မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်လာပြီး အဆိုပါချောင်းတစ်လျှောက်ရှိ ဖားပိုင်ကုန်း၊ ကမ်းနီကုန်း၊ မသေးကုန်း၊ လာအဲမိုကုန်း၊ ရှမ်းစု၊ ဝါးခုတ်တော၊ ဒလဘန်း စသည့်ကျေးရွာများအပါအဝင် သထုံအရှေ့‌တောင်ဘက်ခြမ်းကျေးရွာ ၈ ရွာခန့်၏ အနိမ့်ပိုင်းအိမ်ခြေများ ရက်သတ္တပတ်ကျော်ခန့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရပ်နီးရပ်ဝေးနေအလှူရှင်တို့၏ ထောက်ပံ့လှူဒါန်းမှုဖြင့် ရိက္ခာခြောက်များ၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်ဘူးများ၊ ဆေးဝါးများတို့ကို အခက်အခဲဖြစ်ရာနေအိမ်များသို့အရောက် ဩဂုတ်လ ၁၀ ရက်နေ့မှစတင်၍ လိုက်လံလှူဒါန်းပေးနေကြောင်း မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ခရိုင်(ပြန်/ဆက်)