တောင်ကြီး သြဂုတ် ၁၇
(၃၁)ကြိမ်မြောက် တောင်ကြီးတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တောင်ကြီးတက္ကသိုလ်အနေဖြင့် ဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ရောက်ရှိခဲ့သည့် ၁၉၉၂ ခုနှစ်မှ ယနေ့အထိ (၃၁)နှစ်တာ ကာလအတွင်း ဘွဲ့နှင်းသဘင် (၂၈)ကြိမ် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၂၉၄၅၀)ဦးကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာသုတေသနဘွဲ့များ ပေးအပ်နိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ်သက်တမ်း (၃၁)နှစ် ပြည့်ပြီဖြစ်သည့် တောင်ကြီးတက္ကသိုလ်အနေဖြင့် တက္ကသိုလ်၏ အဓိကလုပ်ငန်းဖြစ်သော သင်ကြားမှု၊ သင်ယူမှုကဏ္ဍတွင် ပထမနှစ်မှ ပါဂူဘွဲ့အကြိုသင်တန်းအထိ နေ့သင်တန်း၊ ကျောင်းသား၊ ကျောင်းသူ (၅၂၆၁)ဦး၊ အဝေးသင် သင်တန်းကျောင်းသား၊ ကျောင်းသူ (၁၉၀၇၈)ဦး စုစုပေါင်း (၂၄၃၃၉) ဦးကို ဆရာ၊ ဆရာမ(၃၁၅)ဦးက သင်ကြားပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ယခု(၃၁)နှစ်ပြည့်နေ့၏ ပညာသင်နှစ်မှစပြီး စီးပွားရေးပညာ အထူးပြုဘာသာရပ်၊ သဘာဝ ပတ်ဝန်းကျင်အထူးပြုဘာသာရပ်တို့ကို စတင်တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုကြောင်း၊ တောင်ကြီးတက္ကသိုလ်အနေဖြင့် ဒေသစီးပွားရေးဖွံ့ဖြိုးမှုအတွက် ထောက်အကူပြုနိုင်ရန်၊ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည့်အတွက် ပိုမို ထိရောက်အောင် စွမ်းဆောင်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ (၃၁)နှစ်မြောက် တောင်ကြီးတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ပြခန်းများအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ကေသီသင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီတင်မှ လက်ခံရယူခဲ့ပြီး တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေနေမှုနှင့် ဘာသာရပ်ဆိုင်ရာ ပြခန်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)