ရခိုင်ပြည်နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ    ဩဂုတ်  ၁၇

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်လူမျိုးများသည် ကိုယ်ပိုင်ဟန်၊ ရှည်လျားသည့် သမိုင်းကြောင်းနှင့် ရိုးရာယဉ်ကျေးမှုများစွာကို ပိုင်ဆိုင်ခဲ့သည့်လူမျိုးများ ဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ်၏ဒေသအသီးသီးတွင်လည်း အဆို၊ အက၊ အရေး၊ အတီးဝါသနာရှင် များနှင့် ပညာရှင်များစွာ ရှိပါကြောင်း၊ ထိုအထဲမှ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် ရွက်ပုန်းသီးအနုပညာရှင်များလည်း ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ အလားတူ ယခင်နှစ် များက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်ဟောင်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ဝါသနာရှင်မျိုးဆက်သစ် ပြိုင်ပွဲဝင်အသစ်များ ရရှိစေရေးကို သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်များအလိုက် ဆက်သွယ်ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ (၂၃)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီး(ဗဟိုဆင့်) ပြိုင်ပွဲတွင် မိမိတို့ရခိုင်ပြည်နယ်အနေဖြင့် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၈)ခု၊ နှစ်သိမ့်ဆုနှစ်ခု စုစုပေါင်းဆုတံဆိပ်(၂၀) ခုရရှိခဲ့ပါကြောင်း၊ ဝါသနာရှင်များကို ပြုစုပျိုးထောင်ပြီး ကောင်းမွန်သည့် အစဉ်အလာများကို ထိန်းသိမ်းကာ ယခင်နှစ်ကထက် ဆုတံဆိပ်များပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုးတက်လာသော နည်းပညာခေတ်(Information Technology)တွင် ခေတ်နှင့်အညီ မျိုးဆက်သစ် လူငယ်ထုအတွင်း ရိုးရာယဉ်ကျေးမှုများကို စိမ့်ဝင်ပျံ့နှံ့လာစေရေး ဆောင်ရွက်ပေးရ မည် ဖြစ်ကြောင်းနှင့် မြန်မာ့ရိုး ရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးများသာမက ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကိုပါ ဆက်လက်ထိန်းသိမ်းရင်းနှင့် (၂၄) ကြိမ်မြောက်၊ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်းပြော ကြားသည်။

ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက နေပြည်တော်သို့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးအစည်းအဝေးတက်ရောက်မှုအား ရှင်းလင်းတင်ပြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဒေါ်အေးနီလာက ယခင်နှစ်ပြိုင်ပွဲ ဆောင်ရွက်မှု အကျဉ်းနှင့် ယခုနှစ်ဆောင်ရွက်မည့်အစီအမံအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က (၂၄) ကြိမ်မြောက်၊ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ခရိုင်အလိုက် ပြိုင်ပွဲများ ကျင်းပနိုင် ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအကြံပြုဆွေးနွေး တင်ပြကြကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရှင်များက ယင်ခင်နှစ်များတွင်ကျင်းပခဲ့သော အားသာချက်၊ အားနည်းချက်များ၊ အတွေ့ကြုံများကိုရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)