ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်

မြစ်ကြီးနား  သြဂုတ်  ၁၇

“ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဆောင်ပုဒ်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းဝင်းအတွင်း ကျောင်းသားလူငယ်များ၏ ကိုယ်လက် လှုပ်ရှားမှု တိုးတက်လာစေရေး ကိုယ်ကာယလေ့ကျင့်ခန်းများ လေ့ကျင့်နေမှုများကို အားပေးကြည့်ရှုခဲ့ကြပြီး ကျောင်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထို့နောက် အေးမြသီတာခန်းမ၌ ပြည်နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော် အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သည့် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်လာစေရေး စာသင်ကျောင်းများက အစပြုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသားလူငယ်များအား ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ အစရှိသည့် ဗလငါးတန်နှင့် ပြည့်စုံသူများ ဖြစ်လာစေရေး၊ ကျန်းမာရေးနှင့် ပြည့်စုံကောင်းမွန်သော လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှု အားကောင်းလာစေရေး၊ သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များဖြစ်လာစေရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ စာစီစာကုံးကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ဆုရရှိသူများအား လည်းကောင်း၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲဆုရ ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်း အမှတ်လှုပ်ရှားမှုအဖြစ် ကျောင်းအခြေပြု ကျန်းမာရေးလှုပ်ရှားမှု အသိပညာပေးပြခန်း၊ အာဟာရ ဖွံ့ဖြိုးရေးရရှိစေသည့် အစားအစာများပြခန်း၊ သန့်ရှင်းပြီး ခြင်ကြားပိုးလောက်လန်းကင်းစင်ကျောင်း များ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကင်းစင် ကျောင်းများ ထူထောင်ခြင်း စသည့် အသိပညာပေးပြခန်း ငယ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကာ မူလတန်း ကလေးငယ်များအား ကိုယ်ခန္ဓာကြီးထွား အာဟာရဖွံ့ဖြိုးစေရေးအတွက် နွားနို့နှင့် ကြက်ဥများကို တိုက်ကျွေးပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် သြဂုတ် ၁၆ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်း ကလေး အလုပ်သမားများအဖြစ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်း ပပျောက်စေရေး၊ ဥပဒေနှင့်အညီ ထိရောက်စွာအကာကွယ်ပေးနိုင်ရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးကျောင်းများ တက်ရောက်နိုင်ရေးကို အလေးအနက်ထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းဆပ်ကော်မတီ (၈)ခုမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများကို ခွဲဝေလျာ ထားပေးပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်း တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် လုပ်ငန်း ဆပ်ကော်မတီ (၈)ခုမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များနှင့် ရန်ပုံငွေလျာထားတောင်းခံမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်