မိုင်းစံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဉီးစွာ မြို့အုပ်ချုပ်ရေးမှူး ဉီးနိုင်လင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ(၂၀၀)ကျပ် ဒဏ်ရိုက် စနစ်ဖြင့် စတင် ဆောင်ရွက် သွားရန်၊ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ဒေသန္တရအမိန့်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့် ပတ်သက်၍ ညစဉ်ဆော်သြကြရန်၊ မြို့တွင်းအဝင်အထွက်နှင့် ပတ်သက်၍ သေချာစိစစ်ရေးနှင့် နှာခေါင်းစည်းတပ်ဆင်သွားလာမှုရှိ /မရှိ လှည့်လည်စစ်ဆေးခြင်းများ နေ့စဉ် ဆောင်ရွက်ကြရန် စသည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ပူးပေါင်းအဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)