SNR ရော်ဘာများ ထုတ်လုပ်ရောင်းချမှုအတွက် အခြေခံလိုအပ်ချက်များ သတ်မှတ်အသုံးချနိုင်ရေး ညှိနှိုင်းဆွေးနွေး

လမ်းမတော် သြဂုတ် ၁၇

၂၀၃၀ ခုနှစ်တွင် Sustainable Natural Rubber (SNR) Guideline ဖြင့် ထုတ်လုပ်ထားသည့် ရော်ဘာဖြစ်မှသာ နိုင်ငံတကာရော်ဘာဈေးကွက်မှာ နိုင်ငံတကာပေါက်ဈေးဖြင့် ရောင်းချနိုင်မှာဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာ့သဘာဝရော်ဘာ ထုတ်လုပ်မှုကဏ္ဍမှာ SNR Guideline နှင့်အညီ ထုတ်လုပ်နိုင်ရန်လိုအပ်လျက်ရှိသည်။

SNR ရော်ဘာများ ထုတ်လုပ်ရောင်းချနိုင်မှုအတွက် အခြေခံလိုအပ်ချက်များ သတ်မှတ်အသုံးချနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်း (Myanmar Sustainable Natural Rubber Association) နှင့် Myanmar KOEI International Limited တို့မှ ဦးစီး၍ ရန်ကုန်မြို့ရှိ Summit Park View Hotel ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာမြဟန်မှ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်းဥက္ကဋ္ဌဒေါက်တာယုစိန်မှ မြန်မာ့ရော်ဘာကဏ္ဍ SNR ဖြစ်ရေးအခြေခံလိုအပ်ချက်များကို ဆွေးနွေးခဲ့သည်။ Myanmar KOEI International Limited မှ အကြံပေးပုဂ္ဂိုလ်များမှ မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်များ၊ လိုအပ်ချက်များ၊ သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

မြန်မာ့ရော်ဘာကဏ္ဍအတွက် SNR ရော်ဘာထုတ်လုပ်ရေးသည် အရေးကြီး၍ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ခဲ့သည့် Sustainable Development Goals မူဘောင်တစ်ခုချမှတ်ပြီး အချက် (၁၇)ချက်ပါ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှနေ၍ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်အရ World Business Council for Sustainable Development WBCSD တွင်တာယာကဏ္ဍမှနေ၍ ရော်ဘာကို အသုံးပြုသည့်အတွက် ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် သစ်တောပြုန်းတီးမှု Supply Chain တလျှောက် လူအခွင့်အရေး သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းက လိုက်နာဆောင်ရွက်ဖို့လိုပြီဖြစ်သည့်အတွက် Guideline ကို ချမှတ်ခဲ့သည်။

ဆွေးနွေးပွဲကို (၁၆.၈.၂၀၂၃) မှ (၁၇.၈.၂၀၂၃) ရက်နေ့အထိ နှစ်ရက်တာကာလ ကျင်းပဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းများရှိ ရော်ဘာအသင်းများမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ MSR Crumb စက်ရုံများနှင့်  ပြည်ပသို့ရော်ဘာတင်ပို့သူများ စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်