မြစ်ကြီးနား သြဂုတ် ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ သြဂုတ် ၁၅ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလိုအခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းသည် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် အားကျိုးမာန်တက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ကြိုးစားဆောင်ရွက်မှုကို အသိအမှတ်ပြုခြင်းဖြစ်သည်အပြင် ဝန်ထမ်းမိသားစုများ၏ နေထိုင်စားသောက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန် မေတ္တာဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များအပြင် အခြားလိုအပ်ချက်များကိုလည်း အခါအားလျော်စွာထောက်ပံ့ပေးနိုင်ရေး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရုံး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ရုံး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရုံးအဖွဲ့၊ သတင်းအဖွဲ့နှင့် ဧရာဝတီရိပ်သာတို့တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/အမှုထမ်းများနှင့် နေ့စားဝန်ထမ်း စုစုပေါင်း(၃၇၄)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၁၈၈၈၀၀၀၀ တန်ဖိုးရှိ တစ်ဦးလျှင် ဆန်(၆)ပြည်အိတ် (၁)အိတ်စီ၊ ကြက်ဥ(၃၀)လုံး၊ ဆီ၊ ကြက်သွန်နီနှင့် ကုလားပဲ(၁)ပိဿာစီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်း သည် ၂၀၂၃ ခုနှစ်အတွင်း တတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တွင် ဝန်ထမ်း(၃၄၅)ဦးတို့အတွက် ငွေကျပ်(၁၅၆၅၈၅၀၀)တန်ဖိုးရှိ အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး၊ ဒုတိယအကြိမ်ကို မြန်မာနှစ်သစ်ကူးချိန်၌ ဝန်ထမ်း(၃၆၇)ဦးတို့အတွက် ငွေကျပ် (၂၀၂၈၅၀၀၀)တန်ဖိုးရှိ သင်္ကြန်မုန့်ဖိုး တစ်သောင်းစီနှင့် အခြေခံစားသောက်ကုန်များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)