ပြင်ဦးလွင် ဩဂုတ် ၁၇
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တန်ခူးခင်ကိုယ်ပိုင်ကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ တန်ခူးခင်ကျောင်းတည်ထောင်သူ ဆရာမကြီးဒေါ်တူတူဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက်သည်။
ရှေးဦးစွာ တန်ခူးခင်ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာမကြီးဒေါ်တူတူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါလွင်က လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “ အနာဂတ်ကို ပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် သုတ/ရသဆိုင်ရာများကို ဟောပြောဆွေးနွေးပြီးနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး တန်ခူးခင်ကိုယ်ပိုင်ကျောင်းမှ မြန်မာစာဆရာဦးခင်မောင်ရည်က ဖြည့်စွက်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ တန်ခူးခင်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မထက်ယွန်းနဒီက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မောင်ထက်ပိုင်ဖြိုးက “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေနဒီဦး က “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဝင်းမြတ်ဦး “လူငယ်နှင့်နည်းပညာ“ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့၏ အတွေးအမြင်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဂုဏ်ပြုမှတ်တမ်းတင်လက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တန်ခူးခင်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )