တွံတေးမြို့နယ် ချောင်းမကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တွံတေး    သြဂုတ်    ၁၇

နိုင်ငံ​၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ကျပန်းစကားပြောပြိုင်ပွဲကို သြဂုတ်    ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က တွံတေးမြို့နယ် ချောင်းမကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က (ချောင်းမကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာရှိန်က အဖွင့်အမှာစကားပြောကြားပြီး ပညာရေးစစ်ကြောင်းအဖွဲ့ဝင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက  ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အကဲဖြတ်အမှတ်ပေးအဖွဲ့ခေါင်းဆောင်  ဆရာမဒေါ် ခင်စန်းရီက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက မဲနှိုက်ကာ ကျရာခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့် အမှတ်ပေးဒိုင်များ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာရှိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ဓာတ်ပုံံ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ပညာရေးစစ်ကြောင်းပါ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင် လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများကို တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များ၌  ဆက်လက်ကျင်းပပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

တွံတေးသား မျိုးလှိုင်