ကျိုင်းတုံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြား

ကျိုင်းတုံ ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား (အခြေခံ)သင်တန်းကို ဩဂုတ် ၈ ရက်မှစတင်၍ Amazing Keng Tong Resort တွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရုရှားခရီးသွားများ လာရောက်သည့်အခါ ကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရေး၊ ရုရှားဘာသာစကားအခြေခံနှင့် ဗဟုသုတများကို ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုတွင် လက်တွေ့အသုံးချနိုင်ရေးနှင့် ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၃၃ ဦး တက်‌ရောက်ပြီး ရုရှားအက္ခရာ၊ သဒ္ဒါ၊ ကိန်းဂဏန်း၊ ငွေကြေးဆိုင်ရာ၊ ရုရှားလူမျိုးများ၏ အလေ့အကျင့်နှင့် အကျင့်စရိုက်များစသည့် ရုရှားဘာသာစကားများကို ဩဂုတ်လ ၁၀ ရက် မှ စက်တင်ဘာလ ၈ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)