အင်းစိန်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်

အင်းစိန်   ဩဂုတ်   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အနေဖြင့် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေး ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားအဟာရပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နံ့သာကုန်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဝင်းမြင့်သူနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဗီတာမင်အေချို့တဲ့ပါက ဖြစ်ပေါ်လာနိုင်သည့် ရောဂါများအကြောင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်ပတ်သက်၍ အင်းစိန်မြို့နယ်အတွင်းလှုပ်ရှားမှုများ၊ ကလေး ငယ်များအား အသက်မွေးကင်းစမှ (၆)လအထိ မိခင်နို့ချိုကိုသာတိုက်ကျွေးသင့်သည့် အကြောင်းအရာများ၊ မိခင်နို့ချိုတွင် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်သည့် အကြောင်းအရာများနှင့် ဗီတာမင်အေဆေးတိုက်ကျွေးရခြင်း အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြပြီး အင်းစိန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်မူယာအုန်းက အင်းစိန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအား အသင်းအနေဖြင့်လှုပ်ရှားကူညီဆောင် ရွက်ပေးနေမှုအခြေအနေများကိုရှင်းလင်းပြောကြားသည်။

ထို့နောက် အင်းစိန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ(၁၅)ဦး နှင့် အသက်(၅)နှစ်အောက် ကလေးငယ် (၁၅)ဦးတို့အား အဟာရပစ္စည်း (ပဲနို့၊ ကွေကာအုပ်၊ ကြက်ဥ၊ ဌက်ပျောသီး၊ ပေါင်မုန့်နှင့် အိုင်အိုဒင်းဆား) များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ဗီတာမင်အေဆေးကို တိုက်ကျွေးခဲ့ကြကြောင်း လည်းသိရသည်။    

ဇင်မင်းထိုက်(ပြန်/ဆက်)