သီပေါ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သီပေါမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းမင်းဦးက ပုလဲဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာများကို မြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၁၁)အုပ်စုမှ ကျေးရွာ(၄၀)ရွာရှိ တောင်သူ(၁၆၄)ဦးတို့အား (၁)ဧကလျှင် (၅၀) ကီလိုဂရမ်ပါသည့် ပုလဲဓာတ်မြေဩဇာစုစုပေါင်း (၄၇၉)အိတ်ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး တောင်သူများအားလုံးကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)