လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အ.ထ.ကခွဲလ(၁၈) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ နှင့် စာစီစာကုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်နေ့ နံနက် (၉.၀၀) နာရီ က အ.ထ.ကခွဲလ(၁၈) တွင် ပြုလုပ်သည်။
ရှေးဦးစွာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက် အ.ထ.ကခွဲလ(၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါဟောပြောပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးသန်းမြင့်ဝေက ထာဝရအလင်းရှင်ဖြစ်လိုသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးမောင်မောင်က နှောင်းနောင်တခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးဆန်းမင်းသိုက်က မိဘကျေးဇူးခေါင်းစဉ်ဖြင့် အသီးသီးအသိပညာပေး ဟောပြောကြသည်။ ဆက်လက်၍ အ.ထ.ကခွဲလ(၁၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၀)ဦးက မိဘကျေးဇူးခေါင်းစဉ်ဖြင့်စာစီစာကုံး ပြိုင်ပွဲကိုယှဉ်ပြိုင်ကြသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား /ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြသည်။
ဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စာရေးဆရာများ၊ အ.ထ.ကခွဲလ(၁၈)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၂၅၀)ဦးခန့် တက်ရောက်ကြပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သတင်းရရှိသည်။
မြင့်ဇော်