ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

 မောင်တော ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါပုံကို ပြည်သူ့လူထုမှ ပိုမိုသတိပြုမိလာစေပြီး အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားစေရေး၊ လူသားများအားလုံး အသက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးနှင့် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးရေးအတွက် နေ့စဉ်စာသုံးသည့် အစားအစာများသည် သန့်ရှင်းပြီးအာဟာရဓာတ်များ ပြည့်ဝရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့် ကျောင်း သားလူငယ်များ ကျန်းမာသန်စွမ်းရေးအာဟာရဖွံ့ဖြိုးစေရန် အာဟာရစောင့်ရှောက်ရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အတူဆောင်ရွက်လိုကြောင်း စသည့်တို့ကို ပြောကြားခဲ့ပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီစံမှ အာဟာရရက်သတ္တပတ် ကျင်းပပြုလုပ်ရခြင်းများနှင့် ကျန်းမာရေး လှုပ်ရှားမှုအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအကြောင်း ဗဟုသုတများကို Video ပြသခြင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော ပန်းချီပြိုင်ပွဲ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးပြိုင်ပွဲဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ  ဒေါ်ကေသွယ်ခိုင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ မြို့နယ်မိခင်နှင့် ကလေးအသင်းဥက္ကဋ္ဌ ဒေါ်ကေသွယ်ခိုင်နှင့် တာဝန်ရှိသူများက အသက်(၅)နှစ်နှင့်အောက် ကလေးများအား  ဗီတာမင်အေတိုက် ကျွေးခဲ့ကြပြီးအခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော အာဟာရအုပ်စုများ၊ ဆုရပန်းချီများ၊ ပညာပေးပို့စတာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)