မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင် တက္ကသိုလ် စာပေဟောပြောပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင်    သြဂုတ်   ၁၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်အခြေခံဦးစီးဌာန မော်လမြိုင်တက္ကသိုလ် စာပေဟောပြောပွဲအခမ်းအနားကို သြဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က   ကျောင်းသား၊ ကျောင်းသူများအား စာပေနှင့် ယဉ်ကျေးမှုကို အခြေခံသောဆုံးမစကားများ၊ လိုက်နာရမည့် အကျင့်၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်နှင့်  နိုင်ငံအပေါ်ထားရှိရမည့် ခံယူချက်များ၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များသည် အဓိကစွမ်းအားစုများဖြစ်သည့်အတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ် များ ဖြစ်ရန်လိုကြောင်း၊  ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတွင် လူငယ်များသည် အရေးပါသော အခန်း ကဏ္ဍတွင်  ရှိကြောင်း၊ ​ ကျောင်းသား/ကျောင်းသူ များကိုအသိအလိမ္မာတိုးပွားစေရန်နှင့် စိတ်ဓာတ် ခံယူချက်များ တိုးတက်မြင့်မားစေရန် ရည်ရွယ် ၍ ယခုဟောပြောပွဲကို ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာစာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသွင်သွင်အောင်က ပောာပြောမည့် ဆရာမကြီးနှင့်ဆရာကြီး တို၏ ကိုယ်ရေးအတ္တုပ္ပတ္တိများ ကိုဖတ်ကြားတင်ပြပြီး ဆရာမကြီးပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့် (ကလောင်အမည် ရွှေယင်းမာ ရန်ကုန်တက္ကသိုလ် နှင့်ခင်ဆွေမြင့် မြန်မာစာ) က “စာပေထဲက မြန်မာ့အလှ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆရာကြီးဦးယုမောင် (ကလောင်အမည် မောင်လူမွှေး မြန်မာစာ) က “ရှင်မဟာရဋ္ဌသာရ နှစ် ၅၅၅ နှစ်ပြည့်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်မှ ဟောပြောဆွေးနွေးပေးသည့် ဆရာကြီး၊ ဆရာမကြီးတို့အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး တက်ရောက် လာသူများအား ဂုဏ်ပြုနေ့လည်စာဖြင့်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)