ဥတ္တရသီရိ ဩဂုတ် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် MSME အသင်းအဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ရွှေနံ့သာရပ်ကွက် သဒ္ဓါကြည်ဖြူ(အိတ်ချုပ်လုပ်ငန်း)ကို ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းရှင်မှ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး ရွှေနံ့သာရပ်ကွက်သစ်၌ သောက်သုံးရေ ခက်ခဲမှုအခြေအနေများနှင့် စာသင်ကျောင်းမြေကွက်လပ်နေရာကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဇလောင်းကျေးရွာအဂ္ဂဂေဟာ ပန်းပုလုပ်ငန်းအား ကြည့်ရှုအားပေးခဲ့ပြီး မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွားတောင်သူအသိပညာပေးစင်တာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်မှ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသော အာမိုယူရီးယား ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် မွေးမြူရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် မင်းကုန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဝါးကမ္ဘာအဆင့်မြင့် ဝါးတူစက်ရုံအား ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းရှင်မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် MSME အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)