မောင်တော ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကဏ္ဍအလိုက် ပေးအပ်ထားသော တာဝန်များအား စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပြီး စပါးများ အချိန်မီဆက်လက်စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ကျားပျံမိုးစပါးများ အမြန်ဆုံး စိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်စေလိုကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် ကျေးလက်ဆေးပေးခန်းများ ပြန်လည်ပြုပြင် တည်ဆောက်နေမှုကိစ္စရပ်များ၊ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ပျက်စီးခဲ့သောတံတားများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြကြစေလိုကြောင်း စသည့်တို့ကို မှာကြားခဲ့သည်။ ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အဦများအား သက်ဆိုင်ရာဌာနများက ပြန်လည်တည်ဆောက်ပေးလျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောက်လုပ်နေမှု အခြေအနေများ၊ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ပျက်စီးခဲ့သောတံတားများ ပြုပြင်ဆောင်ရွက်ပြီးစီးနေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား အသေးစိတ် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား အသေးစိတ် တင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ မြို့ဦးကျေးရွာအုပ်စု၊ ဇူလကျေးရွာတွင် ကွင်းအမှတ် (၁၀၁/ဃ) ရှိ တောင်သူ ၁၁ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဆင်းသွယ်လတ်မျိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ဧက ၂၀ တွင် မျိုးစပါးများအား စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာ မျိုးစပါးများ အချိန်မီ ဆက်လက်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ နယ်မြေခံဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမောင်မောင်လေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများသည် သုံးမိုင်စုပေါင်းစစ်ဆေးရေး ဂိတ်တွင် ယာဉ်အဝင်/အထွက် စစ်ဆေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)