ရခိုင်ပြည်နယ် မောင်တောမြို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မောင်တော ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့မနာရီစင်ခွဆုံတွင် တာဝန်ရှိသူများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးခိုင်ဇော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ရေဘေးအသိပညာပေး လက်ကမ်း စာစောင်တွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်နှင့် ရှောင်ရှားရန် အချက်များ ၊ ရေကြီးပြီးနောက် ပြုလုပ်ဆောင်ရွက်ရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကို မြို့မနာရီစင်ခွဆုံတွင် ဖြတ်သန်းသွားလာနေကြသော အများပြည်သူများအား အသိပညာဗဟုသတရရှိစေရေးအတွက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)