ဒလ သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ် (၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် သြဂုတ် ၁၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနနှင့် ပညာရေးစစ်ကြောင်းအဖွဲ့ ခေါင်းဆောင်မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ပွင့်ဖြူဇင်က ရေချိုအရင်း အမြစ်များနှင့် မြေအောက်ရေအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများအား မြစ်ချောင်းနှင့်အဏ္ဏ ဝါစွန့်ပစ်ပစ္စည်းလျော့ချရေးနှင့် ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ ထိန်းချုပ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)