ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာ၌ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက  ကျင်းပခဲ့သည်။                   

အခမ်းအနားတွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဒေါ်ငြိမ်းအေးက သင်တန်းဖွင့်အမှာစကားပြောကြားရာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်အတွက် သင်တန်းသားသင်တန်းသူများအနေဖြင့် စနစ်တကျလေ့လာသင်ယူသွားကြရန်မှာကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(စက်မှုဖွံ့ဖြိုးရေးဌာနခွဲ) ညွှန်ကြားရေးမှူးဦးအောင်သင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ပြီး လျှပ်စစ်၏ အခြေခံသဘောတရားများ၊ လျှပ်စစ်သွယ်တန်းပုံအဆင့်ဆင့်၊ လျှပ်စစ်ပိုင်းဆိုင်ရာ Breaker သုံးစွဲမှု၊ လျှပ်စစ်မီးကြိုးအသုံးပြုမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာတွက်ချက်မှု စသည့်ဘာသာရပ်များကို ဩဂုတ်လ ၁၅ ရက်နေ့ မှ ၂၉ ရက်နေ့အထိ နံနက် ၉ နာရီ မှ ညနေ ၄ နာရီခွဲထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)