အင်းစိန် ဩဂုတ် ၁၇
အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာ၊ အတတ်ပညာမြင့်မားကာ အမှားအမှန်များ ဝေဖန်ပိုင်းခြားတက်စေရေး၊ ကိုယ်ပိုင်ဉာဏ်စွမ်းများတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း လူငယ်အသိပညာပေးဟောပြောပွဲများနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို မြို့နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး ဩဂုတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က(၇)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်အသိ ပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။၊
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဘိုကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဦးအေးသိမ့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးမျိုးသက်အောင်တို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌစာရေးဆရာ ဒေါက်တာဗိုလ်သံမဏိက လူငယ်များအသိပညာအတတ်ပညာမြင့်မားရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ အ.ထ.က(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးဦးတို့မှ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းခေါင်းစဉ်အသီးသီးတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲနှင့်ပြိုင်ပွဲကို အင်းစိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကလည်း အင်းစိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကြည့်ရှုလေ့လာခဲ့ကြကာ သုတ၊ ရသစာအုပ်စာစောင်များကိုလည်း ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)