ကျောက်တလုံးကြီး ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ရှမ်းပြည်နယ်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းအပေါ် အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းတွင်ပါရှိသည့် Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ကက္ကူကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၊ ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို က ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက် မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့်၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင်စီမံကိန်းလုပ်ငန်း(၁)ခုလျှင် လုပ်ငန်းရှင်(၅)ဦး ပေါ်ထွက်လာစေရေး ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးရွာပေါင်း (၁၅၅)ရွာတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း(၇၇၅)ခု ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း(၃၂)ရွာ တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ လုပ်ငန်းပေါင်း(၁၆၀) ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သော သင်တန်းကို ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး လုပ်ငန်းခေါင်းစဉ်ဖြင့် ကက္ကူကျေးရွာအုပ်စုတွင် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ပေါ်ထွက် လာပြီး ဝင်ငွေတိုးတက်ရရှိစေရန်ဖြစ်ပါကြောင်း၊ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် အမှန်တကယ် တတ်မြောက်အောင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အမှန်တကယ် တတ်မြောက်သည်အထိသင်ယူရန်နှင့် လုပ်ငန်းထူထောင်လုပ်ကိုင်လိုသော ထူးချွန်သင်တန်းသူ များကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူသည်။
အဆိုပါ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုအခြေခံသင်တန်းတွင် ဒေသခံသင်တန်းသူ ၁၀ ဦးအား ဩဂုတ်လ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ (၇)ရက် သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်မွမ်းမံသင်တန်းကို စက်တင်ဘာလ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ကြောင်းနှင့် ထူးချွန်သင်တန်းသူ(၅)ဦးကို သင်တန်းနည်းပြနှင့် စီမံကိန်းအကောင်အထည် ဖော်ရေးကော်မတီတို့က စိစစ်ရွေးချယ်၍ လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း