သာစည် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းညစ်ညမ်းမှုအန္တရာယ်ကို ပြည်သူများသိရှိပြီး ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးနှင့်သုံးစွဲမှုပပျောက်စေရေး အသိပညာပေးခြင်းများကို ဩဂုတ် ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲက လှိုင်းတက်စည်ပင်သာယာဈေးနှင့်သာစည်မြို့မဈေးကြီးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဈေးတာဝန်ရှိသူများက လှိုင်းတက်စည်ပင်သာယာဈေးရှိ ဈေးရောင်းချသူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သုံးစွဲမှုပပျောက်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကုန်စည်ထုပ်ပိုးမှုအစားထိုးအင်ဖက်များ ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ပလတ်စတစ်ညစ်ညမ်းမှုဆိုလိုချက်၊ ပလတ်စတစ်ညစ်ညမ်းမှုဖြစ်ပေါ်စေသော အကြောင်းအရင်း၊ ဖြစ်ပွားတတ်သောရောဂါများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနည်းလမ်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ဆောင်ပုဒ်စသည် ဖြင့် အသိပညာပေးအချက်များစွာ ပါဝင်ကြောင်းသိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် သာစည်မြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့မစည်ပင် သာယာဈေးကြီး၌ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ကုန်စည်ထုပ်ပိုးမှုအစားထိုး အင်ဖက်များ ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်