စဉ့်ကူးမြို့တွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စဉ့်ကူး   ဩဂုတ်   ၁၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ရေးဆွဲတင်ပြနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများ ရေးဆွဲရာတွင် စနစ်တကျ ရေးဆွဲပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်ဖြူဖြူသက်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လိုသည့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများဆောင်ရွက်ရန် တင်ပြထားသည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် မိမိတို့တင်ပြထားသည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)