ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား သြဂုတ် ၁၆

ကချင်ပြည်နယ်နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်နှင့်စားပွဲတင်တင်းနစ် ပြိုင်ပွဲများ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁၅ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့်အတူ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက နောင်လာမည့်ပညာသင်နှစ်များတွင်လည်း ယခုလိုအားကစားပြိုင်ပွဲများကို အစဉ်အလာမပြတ် ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဘာသာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်သည့် အင်ဂျင်နီယာကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ်ဒေါက်တာမင်းမင်းဦးက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့သူများအား ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က မိုးရာသီအားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးက အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရအသင်းများအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်၊ ဒိုင်းဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်