စစ်တွေ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ Grade– 12 သင်ရိုးသစ်နည်းပြ သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး စစ်တွေမြို့နယ်၊ အုန်းတောကြီးတောင် IDP စခန်းတွင်နေထိုင်ကြသူများအတွက် တည်ဆောက်ရေးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၌ ပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ Grade–12 သင်ရိုးသစ်နည်းပြ သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက အနာဂတ်၏နိုင်ငံ့သားကောင်းရတနာများကို ပြုစုပျိုးထောင်နေသော ဆရာ၊ ဆရာမများအနေဖြင့် ဗလငါးတန်းနှင့်ပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ယခုအခမ်းအနားသို့ တက်ရောက်နေကြသူများသည် ရခိုင်ပြည်နယ်၏အနာဂတ်အတွက် ဖန်တီးနေကြသူများဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်များသည် ရခိုင်ပြည်နယ်၏ ဥယျာဉ်မှူးများဟုလည်း ဆိုနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေကြသူများ ပါသကဲ့သို့ အနာဂတ်ရည်မှန်းချက်များ ပြည့်မီအောင်သင်ကြားပို့ချပေးနေကြသည့် ဆရာ၊ ဆရာမများပါဝင်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် အလွန်လှပသော ပန်းဥယျာဉ်လေးတစ်ခုဖြစ်ပေါ်လာရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရသည့် ဥယျာဉ်မှူးများဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ဆရာ၊ ဆရာမများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ဆောင်ရွက်ချက်များ၊ အနာဂတ်ရခိုင်ပြည်နယ်အတွက် မည်ကဲ့သို့လိုအပ်ချက်များရှိသည်ကို ချပြရှင်းလင်းသည့် တွေ့ဆုံပွဲဖြစ်ကြောင်း၊ မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ၊ ပြည်သူလူထုများကပါ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ကျရာကဏ္ဍက အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားရင်း နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကိုလည်း ထည့်သွင်းသင်ကြားပို့ချပေးရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းမှုရရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်းဆောင်ရွက်နေပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှုရှိမည်ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှတည်ငြိမ်အေးချမ်းမှုရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အစိုးရအဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုး ရေး၊တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိုတပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဥပမာဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကိုကြည့်မည်ဆိုလျင် မုန်တိုင်းမတိုက်ခတ်မည်ကာလက ကြိုတင်ပြင်ဆင်မှုများကို မိမိတို့အစိုးရအဖွဲ့နှင့်အတူဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အကြီးအကဲက ယခင်အခြေအနေများထက် ကောင်းမွန်သာလွန်အောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း၊ အချိန်တိုကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ သာသနိကအဆောက်ဦများ၊ လမ်းများ၊ လျှပ်စစ်မီးများ ပြန်လည်ကောင်းမွန်လာပါကြောင်း၊ ထိုနည်းတူ စုပေါင်းအားဖြင့် ရှေ့ဆက်ပြီး ပြန်လည်ထူထောင်ရေးဆိုင်ရာများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် မိမိတို့၏အနာဂတ် သားငယ်၊ သမီးငယ်များအတွက် အမွေကောင်းများပေးခဲ့ရမည်ဖြစ်ကြေင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပညာတတ်ပြီး ကျန်းမာကြံ့ခိုင်ကာ ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်လူငယ်များဖြစ်လာအောင် သွန်သင်ဆုံးမရမည့် တာဝန်သည် ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၏တာဝန်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း စံနမူနာပြဖြစ်အောင် ကျင့်ကြံသွားလာ နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လူငယ်၊ လူရွယ်များ ပညာကိုဆုံးခန်းတိုင် သင်ကြားနိုင်ရန်လိုအပ် သည့်ပံ့ပိုးမှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများအထိ သွားရောက်ကာ ပညာသင်ကြားပေးနေကြသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း လိုအပ်ချက်များရှိပါက တင်ပြပေး ကြစေလိုကြောင်းနှင့် ယခုကဲ့သို့ ဆရာ၊ ဆရာမများတွေ့ဆုံသင်တန်းတက်ရောက် ကြသည့်အချိန်တွင် ပြည်နယ်၏အနာဂတ်အတွက်၊ ဒေသအတွက်၊ တပည့်များအတွက် အကျိုးရှိအောင်ကြိုးစားသင်ယူ မှတ်သား၊ စောင့်ရှောက်၊ ကြပ်မတ်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေအားပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်နှင့်ဆရာမများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းတောကြီးတောင် IDP စခန်းသို့သွားရောက်ပြီး တည်ဆောက်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်းမတိုက်ခတ်မီ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ခဲ့မှုများ၊ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် စခန်းတာဝန်ခံများ၏ ဦးဆောင်မှုအောက်တွင် စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ဆက်သွယ်ပြီး စခန်းအတွက်လိုအပ်ချက်များ တင်ပြဆောင်ရွက်ရမည့်ကိစ္စများနှင့် ရရှိသည့်အထောက်အပံ့များကို မျှမျှတတခွဲဝေရမည့်ကိစ္စများကို ဆွေးနွေပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်ပြည်နယ်ဝန်ကြီးများက မီးစက်၊ တာပေါ်လင်၊ သွပ်နှင့် အိမ်ရိုက်သံများကိုပေးအပ်ကြပြီး စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စခန်းအတွင်းလှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကယ်ပြင်တိုက်နယ်ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုကာ လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များအားတွေ့ဆုံကာ ဂုဏ်ပြုအားပေးစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)