စဉ့်ကူး ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပရာ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး၊ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား စဉ့်ကူးမြို့နယ်ပြန်/ဆက်ရုံး ဝန်ထမ်းများက အအေးနှင့်မုန့်များ တိုက်ကျွေးခဲ့သည်။
စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ် များ၊ ပြည်သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက် နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)