တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

တောင်သာ သြဂုတ် ၁၆

တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။               

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သိမ့်သိမ့်အေးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းသား/ကျောင်းသူများ ယခုလို ပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား ဆက်လက်ပြသရာပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သိမ့်သိမ့်အေးနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ခဲတံနှင့်မုန့်များ ကျွေးမွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများသို့ အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းသား/ကျောင်းသူ (၁၆) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)