တပ်ကုန်း ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ကျောင်းသား၊ ကျောင်းသူများ အာဟာရအစာအုပ်စုများကို ပိုမိုသိရှိ အောင် ရည်ရွယ်ကျင်းပသည့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စု နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်-၁ ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲတွင် ကြီးကြပ်-၁ ဦးလှထွန်းနှင့် ကျန်းမာရေးဆရာမများက အမှတ် ပေး ဒိုင်အဖြစ် ဆောင်ရွက်ကြပြီး၊ ဗိုလ်မင်းရောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ Grade -5 ၊ Grade- 4 ၊ Grade -3 ၊ Grade -2 အတန်းများမှ ကျောင်းသား၊ ကျောင်းသူများက အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် Grade -5 အဖွဲ့က ခန္ဓာကိုယ်ကြီးထွားသောအစာအုပ်စု၊ Grade- 4 အဖွဲ့က အားအင် ဖြစ်စေသောအစာအုပ်စု၊ Grade -3 အဖွဲ့က ရောဂါကာကွယ်စေသောအစာအုပ်စုနှင့် Grade -2 အဖွဲ့က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းတို့ကို ရှင်းလင်းပြောကြားယှဉ်ပြိုင်ခဲ့ပြီး၊ ဆုရရှိသည့် အတန်း ကျောင်းသား၊ ကျောင်းသူများကို ဩဂုတ် ၁၈ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)