မူဆယ်မြို့ မူလွန်စွမ်စော်ကျောင်းတွင် လူငယ်ရေးရာနှင့်စာပေအသိပညာပေး ဟောပြောပွဲ ကျင်းပ

မူဆယ် ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မူလွန်စွမ်စော်ကျောင်းတွင် လူငယ်ရေးရာနှင့် စာပေအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာတွင် ကျောင်းသား/သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ညဏ်ရည်ညဏ်သွေး ထက်မြက်လာစေရန်၊နောင်တွင် နိုင်ငံတော်အတွက်အကျိုးပြုနိုင်သော လူငယ်လူရွယ်များဖြစ်လာစေရန်၊ ပညာတတ်များတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မူဆယ်ခရိုင်၊မူလွန်စွမ်စော်ကျောင်းအုပ်ဆရာကြီးဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူဆယ်မြို့နယ်၊အားကစားနှင့်လူငယ် အာကာမှူးဦးမြင့်ထွေးက တက်ရောက်လာသော ကျောင်းသား/သူများ ကျောင်းစာအပြင် အားကစားလည်းလိုက်စားပါက ကျန်းမာရေးအတွက် ကောင်းမွန်မည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများလည်း နောက်လများတွင် ကျင်းပသွားမည်ဖြစ်၍ ပါဝင်ကစားလိုသည့် သူများသည် ကျန်းမာသန်စွမ်းသူများဖြစ်ပြီး အနည်းဆုံးအရပ် ၅ပေ ၂ ရှိရမည်သူဖြစ်ကြောင်း၊ ထိုသူများ ယှဉ်ပြိုင်ကစားလိုပါက မိမိတို့ထံ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း၊ ကျောင်းသား/သူများ အနာဂတ်တွင် အရည်အချင်းပြည့်ဝသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် ကြိုးစားသင်ယူလေ့လာစေချင် ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်ပြီး မူဆယ်ခရိုင် လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက  ကျောင်းသား/သူများ စာပေများစဉ်ဆက်မပြတ် လေ့လာဖတ်ရှုစေနိုင်ရန် စာအုပ်စာပေအကြောင်းအရာများကို ဟောပြောခြင်း၊ ခေတ်နှင့် အညီ  တိုးတက်လာသော ဆိုရှယ်မီဒီယာများနှင့်နည်းပညာများကိုလည်း တက်ရောက်လာသော ကျောင်းသူ/သားများက ဝေဖန်သုံးသပ်ခွဲခြားစဉ်းစားပြီး အကောင်းအဆိုးများကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းသား/သူများ ဖတ်ရှုလိုသော ဗဟုသုတရရှိမည့် သုတ/ရသစာအုပ်စာပေများကိုလည်း မူဆယ်ခရိုင်၊ ခရိုင်ပြည်သူ့စာကြည့် တိုက်ရုံးတွင် အခမဲ့လာရောက်ဌားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း  ဟောပြောခဲ့ပါသည်။ ထို့အပြင် မူလွန် စွမ်စော်ကျောင်း Grade (7,8) မှ ကျောင်းသူလေးများက fitnance dance  အကဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရှိရပါသည်။

ယင်း ဟောပြောပွဲကို  သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ၊ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ မူလွန်ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အယ်လ်စိုး (မူဆယ်)