ကျောက်ဆည်မြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၅)အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများရှာဖွေဖတ်ရှုပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၅) ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အခါကပင် အားလပ်ချိန်များတွင် စာအု်ပစာပေများ ရှာဖွေဖတ်ရှု စေလိုကြောင်း အလိမ္မာစာမှာရှိဆိုသည့်အတိုင်း ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ပြီး အသိပညာပေး ဟောပြောမှုများကို သေချာစွာ နာယူမှတ်သားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကြီးပွားတိုးတက်လိုသူများသည် စာအုပ်၊ စာပေများ ဖတ်ရှုကြကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေ၊ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့်အတိုင်း စာပေများ ဖတ်ရှုထားပါက မည်သည့် လုပ်ငန်းတွင်မဆို ဆုံးဖြတ်မှုများမှန်ကန်စွာ ဆုံဖြတ်နိုင်ကြောင်းနှင့် ခရိုင်ပြည်သူ့စာကြည်တိုက်တွင် မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ 

အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊စာစောင်များနှင့် ကလေး အလုပ် သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)