ဖားကန့်မြို့၌ သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မနမှော်မြေပြိုကျဖြစ်စဉ်တွင် သေဆုံးသူဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

ဖားကန့် ဩဂုတ် ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မနမှော်မြေပြိုကျဖြစ်စဉ်တွင် သေဆုံးသူဂဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှေ့တန်းအမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးဗိုလ်မှူးကြီး စိုးဦးဟန်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက အန္တရာယ်ဖြစ်ပေါ်နိုင်သည့် နေရာများအားတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမြန်မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအားဖွဲ့စည်းကာ ယခုအစည်းအဝေးအပြီးတွင် ကွင်းဆင်းဆောင်ရွက်သွားရန် ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့သည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒဏ်ရာရရှိသူတစ်ဦးလျှင် ငွေကျပ် (၅) သောင်းနှုန်း၊ သေဆုံးသူတစ်ဦးလျှင် ငွေကျပ် (၃) သိန်းနှုန်းကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ဒဏ်ရာရရှိသူတစ်ဦးလျှင်ငွေကျပ် (၃) သိန်းနှင့် သေဆုံးသူတစ်ဦးလျှင် ငွေကျပ် (၅)သိန်းနှုန်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒဏ်ရာရသူတစ်ဦးလျှင် ငွေကျပ် (၁) သိန်းနှုန်းနှင့် သေဆုံးသူတစ်ဦးလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံ့ငွေများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် ဒဏ်ရာရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့်အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီတာဝန်ခံများ၊ မြို့မိမြို့ဖများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)