မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် သြဂုတ် ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍမှာအဓိကမဏ္ဍိုင်ဖြစ်သော အခြေခံပညာကျောင်းများမှာ တိုင်းရင်းသားဘာသာစာပေ သင်ကြားပို့ချပေးနေတဲ့ ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို မွန်ပြည်နယ်မှာ ဖွင့်လှစ်ပေးနိုင်သည့်အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ရဲ့ကလေးသူငယ်များကို ပြုစုပျိုးထောင်ရာမှာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန်နဲ့ ပြည့်စုံတဲ့အရည်အသွေးရှိသော ကလေးများဖြစ်အောင် လေ့ကျင့်သင်ကြားပေးဖို့လည်းလိုအပ်ကြောင်း၊ မိမိတို့လေ့လာမှတ်သားထားသည်များကို လက်တွေ့ဘဝတွင် ပြန်လည်အသုံးချပြီး အခြေခံပညာကျောင်းများအတွက် လိုအပ်ချက်များကို ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးနိုင်တဲ့ တိုင်းရင်းသားဘာသာ စာပေသင်အရည်အသွေးမြင့် ဆရာ၊ ဆရာမများအဖြစ် နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်သူများ ဖြစ်ပါစေကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ကြိုဆို နှုတ်ခွန်းဆက်များပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက “ကြိုနေမယ် လေမွန်တို့မြေ” သီချင်းဖြင့်ကပြ ဖျော်ဖြေနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးကာ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခဲ့သည်။

အဆိုပါ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို သြဂုတ် ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားဆွေးနွေးသွားမှာဖြစ်ပြီး သင်တန်းတက်ရောက်သူ ဦးရေ (၂၆၄) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)