မြောက်ဦး ဩဂုတ် ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချသော အခြေခံစက်ချုပ်နည်းပညာသင်တန်း (ပထမအကြိမ်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်ထက်အောင်က အဖွင့်အမှာစကားပြောကြာခဲ့ပြီး မြောက်ဦးခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွန်းရန်နိုင်သူက ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ သင်တန်းပြီးဆုံးပါကလည်း တတ်မြောက်ပြီးဖြစ်သော အသက်မွေးဝမ်းကျောင်း ပညာများကို အသုံးချသွားရန်ပြောကြားခဲ့ကာ မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ပန်းကြာမုံက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရရှိစေမည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း၏ စီမံကိန်းကို ချပြရှင်းလင်းခဲ့သည်။
အဆိုပါသင်တန်းသို့ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှ သင်တန်းသူ(၁၀) ဦး တက်ရောက်လျက်ရှိကာ ယမန်နေ့ (၁၄-၈-၂၀၂၃) ရက်နေ့မှ (၁၃-၉-၂၀၂၃) ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး မွမ်းမံစက်ခြုပ်သင်တန်းကိုလည်း (၂၈-၉-၂၀၂၃) ရက်နေ့ မှ (၁၂-၁၀-၂၀၂၃) ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးပို့ပေးသွားမည်ဖြစ်၍ ၎င်းသင်တန်းပြီးမြောက်ပါက သင်တန်း သူထူးချွန်သူ(၅) ဦးကိုရွေးချယ်၍ နိုင်ငံတော်မှတစ်ဦးလျှင်ငွေကျပ်(၁၀) သိန်းနှင့်ညီမျှသော ရင်းနှီးမတည်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးမောင်မောင် (မြောက်ဦး)