၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင် သြဂုတ် ၁၅

၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်၁၄ ရက်နေ့ နေ့လည်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ယင်းမာခန်းမတွင်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

 ရှေးဦးစွာ အခမ်းအနာတွင် မူလတန်းကျောင်းသူများမှ သမီးငယ်လေးများက “သန့်လေးသန့်” ကဗျာသီဆို၍ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကနှစ်စဉ် စာသင်နှစ်တစ်နှစ်ရဲ့ ဩဂုတ်ဒုတိယအပတ်မှာ ကျောင်းသား/ကျောင်းသူများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကိုပိုမိုသိရှိလာပြီး ကျန်းမာရေး အဆင့်မြှင့်ကျောင်းထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများပိုမိုအား ကောင်းလာစေရန် ရည်ရွယ်ချက်များနဲ့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်ကြောင်း၊ လူငယ်ကိုအခြေခံသည့် အနာဂတ်ကိုစာသင်ကျောင်းမှစတင်ပြီး တည်ဆောက်ရာမှာ “ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုသကဲ့သို့ ကျောင်းသားလူငယ်များရဲ့ကျန်းမာရေး ပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်ပြည့်စုံတဲ့ လူငယ်များ မွေးထုတ်နိုင်ဖို့အတွက် ကျောင်းသားကျောင်းသူများ အပါအဝင်ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနဲ့ မိဘပြည်သူလူထုတို့ ပူးပေါင်းပြီး ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှုများ ဗွီဒီယိုမှတ်တမ်းပြသနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးကာ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာနန္ဒဝင်းမှ အိုင်အိုဒင်းဆားနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။

 ဆက်လက်၍ မူလတန်းကျောင်းသူများမှ “ရန်သူ” ကဗျာသီဆိုဖျော်ဖြေကာ ပြည်နယ်ဝန်ကြီးချုပ်က ကဗျာသီဆိုဖျော်ဖြေပေးသော ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။

ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသူအားလုံးကို သန်ချဆေးတိုက်ကျွေးခြင်းကိုလည်းကောင်း၊ အလယ်တန်းနှင့်အထက်တန်းဆင့် ကျောင်းသူများကို သံဓါတ်အားဆေး တိုက်ကျွေးခြင်းကိုလည်းကောင်း အလယ်တန်းနှင့်အထက်တန်းဆင့်ကျောင်းသူများ၏ အာဟာရအတွက် မေးခွန်း (၁၀၀) ဖြေဆိုနေမှုကို လည်းကောင်း၊ မူလတန်းကျောင်းသူများမှ အစာအုပ်စု (၃) အုပ်စု အာဟာရပညာပေးရောင်စုံခြယ်ခြင်းကိုလည်းကောင်း၊ “ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ သိမှတ်လိုက်နာဆောင်ရွက်သင့်သော ကျန်းမာရေးဆိုင်ရာပညာပေးပြခန်း ပြသထားရှိမှုကိုလည်းကောင်း၊ ကျောင်းသူများမှ လက်ဆေးနည်းအဆင့်ဆင့်သရုပ်ပြခြင်း၊ စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြခြင်း၊ အာဟာရအုပ်စု (၃) စုပါဝင်သော အစားအစာများ ခင်းကျင်းသရုပ်ပြခြင်းကိုလည်းကောင်း၊ လှည့်လည် ကြည့်ရှု အားပေးကာ သရုပ်ပြခြင်းဆောင်ရွက်သော ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)