မူဆယ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဩဂုတ်လ (၁၁) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်က အ.ထ.က (၃) ကျောင်းခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အာကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတများရရှိစေရန်၊ အနာဂတ်တွင် ကောင်းမွန်သော လူငယ်လူရွယ်ဖြစ်လာစေရန် ရည်ရွယ်၍ မူဆယ်မြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများကို ကလေးသူငယ် အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်အကြောင်းအရာများ၊ ကလေးသူငယ်များရရှိနိုင်မည့် အခွင့်အရေးအကြောင်းအရာများ၊ ကလေးသူငယ်များ အတွက် မြန်မာနိုင်ငံမှ CRC အကောင်အထည်ဖော်ဆောင်ရွက်မှုအကြောင်းများ၊ ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်မှုများ ရှိလာခဲ့လျှင် မိမိတို့ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ဖြစ်ကြောင်း၊ မသန်စွမ်းကလေးသူငယ်များလည်း သန်စွမ်းသူကလေးများနှင့် တန်းတူအခွင့်အရေးများ ရှိကြောင်း၊ ကလေးသူငယ်များ အသက်(၁၄) နှစ်မပြည့်မီ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းခံရခြင်းများရှိပါက ခိုင်းစေသူများခံရမည့် ငွေကြေးဒဏ်၊ ကျခံရမည့် ထောင်ဒဏ် ပုဒ်မအကြောင်းအရာများနှင့် ကလေးသူငယ်များနှင့် သက်ဆိုင်သည့် ပုဒ်မအကြောင်းများကို (Projecter) ဖြင့် အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပြီး မေးခွန်းများအား ကျောင်းသူ/ကျောင်းသားများကို ပြန်လည်မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သူ ကျောင်းသူ/ကျောင်းသားများကို ဘောပင်လက်ဆောင် ဆုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ကျောင်းသူ/ကျောင်းသားများ စာအုပ်စာပေများ အဆက်မပြတ် လေ့လာ ဖတ်ရှုနိုင်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဖတ်ရှုလိုသော စာအုပ်များကို မူဆယ်ခရိုင် ပြည်သူ့ရုံးစာကြည့်တိုက်တွင် အခမဲ့လာရောက် ဌားရမ်းဖတ်ရှုနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် မူဆယ်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြင့်ထွေးက ကျောင်းသူ/ကျောင်းသားများအား ကျန်းမာနေမှ စာလုပ်နိုင်မည်ဖြစ်ကြောင်း၊ နောက်လများတွင် အားကစားပြိုင်ပွဲများ ပြုလုပ်မည်ဖြစ်၍ ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသူ/ကျောင်းသားများလည်း ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း တိုက်တွန်းနှိုး ဆော်ပြောကြားခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းမှ သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်က နွေရာသီကျောင်းပိတ်ရက်များတွင် ဝါသနာပါသော ကျောင်းသူလေးများ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခမဲ့စက်ချုပ်သင်တန်းတက်ရောက်နိုင်ကြောင်းနှင့် မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း သင်တန်းကျောင်းဆိုင်ရာအချက်အလက် ဓာတ်ပုံမှတ်တမ်းများကို (Projecter) ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူကုန်ကူးမှုနှင့်စပ်လျဉ်းသည့် တရားစီရင်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များ ပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တကွ အဖွဲ့များ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အ.ထ.က(၃)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ Grade(7,8) ကျောင်းသူ/ ကျောင်းသားများ တက်ရောက်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများကို အားဖြည့်အချိုရည်ဖြင့် ဧည့်ခံကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)